Flower

Wednesday 11 June 2014

♪ Invoker Game အကြောင်းတစေ့တစောင်း ♫

♪ Invoker Game အကြောင်းတစေ့တစောင်း ♫

Invoker လို့ပြောလိုက်တာနဲ့ Dota ကစားသမားတိုင်း မျက်စိထဲမှာ Ability တွေ ပလူပျံအောင် သုံးတော့မယ့် Hero တစ်ကောင်လို့ ပြေးမြင်မိမှာ အသေအချာပါပဲ။ သူ့ရဲ့ Quas, Wex, Exort ဆိုတဲ့ အခြေခံ Skill သုံးခုကို Invoke ဆိုတဲ့ ultimate နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ မျိုးမတူတဲ့ Ability ၁၀ မျိုးဖြစ်ပေါ်လာပါတယ်။ တကယ်တော့ Invoker ဆိုတာဟာ အဆိုပါ Ability ၁၀ မျိုးစလုံးကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်မှ ကိုင်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ သူ့ရဲ့ Quas (Q), Wex (W), Exort (E) တွေထဲကမှ မိမိကြိုက်နှစ်သက်ရာ ၂ ခုကို ဦးစားပေးတင်ရင်းရလာမယ့် Ability ၄ မျိုးတည်းနဲ့ တစ်ဖက်အသင်းကို ကသောင်းကနင်းဖြစ်အောင် ကစားနိုင်တဲ့ ကစားကွက်မျိုးကို Professional Player တွေကိုယ်တိုင် အသုံးပြုလာတာကို တွေ့လာရပါတယ်။ Hero Role ကို အတည်တကျ  ပုံသေပြောလို့မရတဲ့ Invoker ဟာ QW နဲ့ကစားရင် Initiator, Ganker ပုံစံ၊ WE နဲ့ ကစားရင် Carry, Semi Carry ပုံစံ၊ QE နဲ့ကစားခဲ့မယ်ဆိုရင် Nuker, Pusher ပုံစံဆိုပြီး အဆင်ပြေမယ့်ပုံစံကို ရွေးချယ်ပြီး ကစားနိုင်တဲ့ Hero တစ်ကောင်ဖြစ်ပါတယ်။ Quas, Wex, Exort ကို မျှတအောင်ယူပြီး ဆော့လို့ရတယ်ဆိုပေမဲ့ အစောပိုင်း Mana ပမာဏနည်းပြီး Ultimate Invoke ဟာလည်း Cooldown မြင့်မားသေးတဲ့အတွက် သင့်ရဲ့ Ability ၁၀ ခုစလုံးကို အသုံးပြုဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပွဲအစောပိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ Ability ၄ မျိုးလောက်ကိုပဲ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချပေးနိုင်မယ်ဆိုရင်တော့ Invoker ဟာ တစ်ဖက်အသင်းကို ဒုက္ခအကြီးအကျယ်ပေးမယ့် Hero တစ်ကောင်ဖြစ်မှာ အသေအချာပါပဲ။ တစ်နည်းပြောရရင် Invoker ဟာ Dota 2 Hero တွေထဲမှာ Level 25 ရောက်တဲ့အထိ တခြား Hero တွေလိုမျိုး Attribute Bonus ယူစရာမရှိဘဲ Q, W, E များကို ဆက်လက်တင်သွားနိုင်တဲ့ Hero ဖြစ်လို့ နောက်ဆုံးအချိန်ထိ Ability Improve ဖြစ်နေမယ့် Hero တစ်ကောင်ဖြစ်ပါတယ်။     Background Story  အစောပိုင်းကာလများမှာတော့ မှော်ပညာဟာ လူသားမျိုးနွယ်တို့အတွက် အဓိကကျတဲ့ အသိပညာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အဆိုပါမှော်ပညာဆိုတာကတော့ ဝိညာဉ်ဆိုင်ရာလောကမှာ မှော်အစွမ်းများကို လူ့လောကဘက်ထဲကို ပင့်ဖိတ်ခေါ်ယူသုံးနိုင်ခြင်း အတတ်ပညာတစ်ခုဖြစ်ခဲ့ပြီး မှော်ပညာကို တတ်မြောက်ဖို့အတွက် မှော်တုတ်တံလိုမျိုး အဆောင်အယောင်တွေ မလိုအပ်ခဲ့ဘဲ မှော်ဆရာတစ်ယောက်ရဲ့ ဉာဏ်ပညာကသာ အခြေခံအကျဆုံး ခံယူချက်တစ်ခုဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ လူ့လောကနှင့် တံခါးတစ်ခုခြားနားနေတဲ့ ဝိညာဉ်လောကမှ အစွမ်းသတ္တိများကို ပင့်ဖိတ်သုံးစွဲဖို့အတွက် ဉာဏ်ပညာသည်သာ ဖွင့်လှစ်နိုင်သော အဓိကကျတဲ့သော့ချက်တစ်ခုအဖြစ် လက်ခံထားကြတဲ့အတွက်ကြောင့် ကိရိယာတန်ဆာပလာတွေကို မသုံးဘဲ သူတို့ရဲ့ ဦးနှောက်အရည်အသွေးမြင့်မားအောင် အားထုတ်ကျင့်ကြံခဲ့ကြပါတယ်။ ထိုခေတ်ကာလများက အကြီးမြတ်ဆုံးသော မှော်ဆရာကြီးများဟာ ရှုပ်ထွေးလှတဲ့ မှော်ပညာများကို တိုးတက်အောင် လေ့ကျင့်ရင်း ဘဝတစ်လျှောက်လေ့လာရာမှာ မှော်ပညာသုံးမျိုးလောက်အထိ အသုံးပြုနိုင်စွမ်းရှိခဲ့ပါတယ်။ အလွန်ထူးချွန်တဲ့ မှော်ဆရာကြီးများတောင် အများဆုံး ၄ မျိုးအထိသာ ပင့်ဖိတ်အသုံးချတတ်ခဲ့ပြီးသာမန်မှော်ဆရာများမှာ မှော်ပညာနှစ်မျိုးလောက်၊ ကျေးရွာဇနပုဒ်မှ မှော်ဆရာများကတော့ တစ်ခုလောက်သာ သုံးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ခြွင်းချက်တစ်ခုအနေနဲ့ အဆိုပါခေတ်ဦးပိုင်းမှော်ဆရာများထဲမှာ အံ့သြထိတ်လန့်ဖွယ်ကောင်းအောင် ထူးချွန်ပြီး အရည်အသွေးပြည့်ဝတဲ့ Carl လို့ အမည်ရတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။ Carl ဟာ လူငယ်ဘဝကတည်းက တန်ဖိုးဖြတ်မရတဲ့ မှော်အစွမ်းများကို မှော်ဆရာကြီးများကဲ့သို့  ၃ ခု၊ ၄ ခုသာမက ၇ ခုထက် ကျော်လွန်ပြီး စုစုပေါင်း ၁၀ ခုထက် မနည်းတဲ့ မှော်ပညာများကို အသုံးပြုနိုင်စွမ်းရှိခဲ့ပါတယ်။ အခြားမှော်ဆရာများကဲ့သို့ အချိန်ယူပြီး မန်းမှုတ်နေရခြင်းမရှိဘဲ ရုတ်တရက်ချက်ချင်း ဆင့်ခေါ်အသုံးပြုနိုင်စွမ်းရှိတဲ့ Carl ဟာ ၁၀ ခုထက်မကတဲ့ မှော်ပညာတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူ့အတွက် အသုံးမဝင်တဲ့ အခြားမှော်ပညာများကို မှတ်ဉာဏ်ထဲမှ ထာဝရသန့်စင်ထုတ်ပယ်ပစ်လိုက်ပြီး အဆိုပါ လက်ရွေးစင်မှော်ပညာ ၁၀ ခုကိုပဲ တစ်ဖက်ကမ်းခက်ကျွမ်းကျင်စေရန် ဦးနှောက်ထဲမှာ မှတ်သားထားလိုက်ပါတော့တယ်။   သူမေ့ဖျောက်ပစ်လိုက်တဲ့ မှော်ပညာများထဲမှာ "Sempiternal Cantrap (ထာဝရမသေခြင်း)” ဆိုတဲ့ မှော်စွမ်းတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ ထိုကဲ့သို့ “မသေမျိုး” (Immortal) တစ်ယောက်အဖြစ် ရှင်သန်နိုင်တဲ့ မှော်ပညာကို ရွတ်ဆိုရင်း ယနေ့ခေတ်အထိ ကျွန်တော်တို့ လူသားများအကြားမှာ ရှင်သန်နေထိုင်နေတဲ့ မှော်ဆရာများစွာလည်း သက်ရှိထင်ရှားရှိနေဆဲပါပဲ။ ဒါပေမဲ့ အဆိုပါ “မသေမျိုး” များဟာ သူတို့ရဲ့လျှို့ဝှက်ချက်ကို လူများမသိအောင် လျှို့ဝှက်စွာနဲ့ ဖုံးကွယ်ထားကြပေမယ့် Carl The Invoker လို့ခေါ်တဲ့ ပါရမီရှင်ကတော့ သူ့ရဲ့လျှို့ဝှက်ချက်ကို ထိန်ချန်ဖုံးကွယ်ထားခြင်းမရှိတဲ့အပြင် သူဟာ သာမန်ထက် ကျော်လွန်တဲ့ အရည်အသွေးများကို သင်ယူထားနိုင်တဲ့အတွက် သူဟာ လူသားမျိုးနွယ်ရဲ့ အမွေအနှစ်တစ်ခုသဖွယ် ဖြစ်နေပါတော့တယ်။ အခြားသော မှော်ပညာများကို သင်ယူဖို့အတွက် သူ့ရဲ့ အသိဉာဏ်ထဲမှာ နေရာလွတ်တွေ အများကြီးကျန်နေသေးတဲ့ Carl ဟာ မှော်ပညာများကို ကျေနပ်နှစ်ခြိုက်စွာ အသုံးချရင်း ကမ္ဘာကြီးရဲ့နေဝင်ချိန်ရောက်တဲ့ အချိန်ထိ ရှင်သန်နေထိုင်သွားမယ့် ကဝေကြီးတစ်ဦးဖြစ်ပါတော့တယ်။     Overview and Abilities  Invoker မှာ Quars, Wex, Exort ဆိုတဲ့ Ability ၃ ခုနဲ့ စတင်ပြီး Quas က 1 Hp Regeneration နဲ့ တစ်ဆင့်ယူလိုက်တိုင်း + 2 Strength ကိုပေးပြီးတော့ Wex က 1% Movement speed နဲ့ 2% Attack Speed အပြင် +2 Agility ကို ပေးပါတယ်။ Exort ကတော့ +2 Intelligence နဲ့ +3 Physical Damage ကို ပေးပါတယ်။ Invoker ရဲ့ Quas, Wex, Exort များကို ၃ မျိုးတွဲပြီး သူ့ရဲ့ Ultimate Invoke နဲ့ ပေါင်းစပ်လိုက်ရင်ဖြစ်လာမယ့် Ability ၁၀ မျိုးထဲကမှ Pusher နဲ့ Nuker ပုံစံဖြစ်တဲ့ E နဲ့ Q နှစ်မျိုးကို ဦးစားပေးတဲ့ ကစားပုံနဲ့ပတ်သက်ပြီး တင်ပြချင်ပါတယ်။     E  နဲ့ Q ကို အသားပေးတင်လိုက်တဲ့အခါမှာ Cold Snap (QQQ), Forge Spirit (EEQ), Ice Wall (QQE) နဲ့ Sun Strike (EEE) ဆိုတဲ့ Ability ၄ မျိုးဖြစ်လာပါတယ်။ (E နဲ့ Q ကို အသားပေး ကစားကွက်ဖြစ်ပေမယ့် ဖြစ်နိုင်ရင်တော့ W တစ်ဆင့်လောက် ယူထားသင့်ပါတယ်။ လုံးဝမယူတာမျိုးမဟုတ်ဘဲ W တစ်ဆင့်လောက် ယူလိုက်ခြင်းအားဖြင့် နောက်ထပ် Ability ၆ မျိုးကို ထပ်သုံးလို့ရမှာဖြစ်တဲ့အတွက် တစ်ဆင့်လောက်တော့ အနည်းဆုံး ယူထားသင့်ပါတယ်။     Cold Snap (QQQ): Invoker ဟာ Q , W နဲ့ E ကို (၇) ဆင့်စီ တင်လို့ရပြီးတော့ သူ့ရဲ့ Ultimate ဖြစ်တဲ့ Invoke(R) ကတော့ စုစုပေါင်း (၄) ဆင့်တင်လို့ရပါတယ်။ ဒါကြောင့် Cold Snap ဟာ သူ့ရဲ့ Q ဘယ်နှစ်ဆင့် ယူထားသလဲဆိုတာပေါ်မူတည်ပြီး အကျိုးသက်ရောက်မှုတွေလည်း တိုးတက်လာပါတယ်။ Cold Snap ရဲ့သဘောတရားက ရန်သူ့ကို Negative Buff တစ်ခု တင်ပေးလိုက်ရပါတယ်။ အဲ့ဒီ Buff သက်ရောက်နေတဲ့ အချိန်အတွင်း အဆိုပါ ရန်သူအပေါ်ကို Resistance အားလုံးတွက်ချက်ပြီး 10 Damage ထက်ပိုများတဲ့ Damage တစ်ခု သက်ရောက်လိုက်တိုင်း 0.4 second Stun မှာဖြစ်တဲ့အပြင် (၄.၆.၂၀၁၄) က ထွက်ခဲ့တဲ့ နောက်ဆုံး update အရ သင်ယူထားတဲ့ (Quas level x 7) Damage ဆိုတဲ့အတိုင်း တွက်ချက်ပြီး အပိုဆောင်း Damage လည်း ထိဦးမှာပါ။ သင် Q တစ်ဆင့်ယူလိုက်တိုင်း Cold Snap ရဲ့ကြာချိန်က 3/3.5/4/4.5/5/5.5/6 seconds ဆိုပြီး တက်သွားမှာ ဖြစ်ပါတယ်။ Cold Snap ရဲ့ ထူးခြားချက်တစ်ခုက 0.4 seconds stun ပြီး နောက်တစ်ခါပြန် Stun ဖို့ တစ်ခုနဲ့ တစ်ခုကြားမှာ ပြန်စောင့်ပေးရမယ့် cooldown ရှိပါတယ်။ သင်ယူလိုက်တဲ့ Q အဆင့်ပေါ် မူတည်ပြီး နောက်တစ်ချက် ထပ် Stun ဖို့ ပြန်စောင့်ရမယ့် cooldown ဟာ 0.7715/0.7430/0.7145/ 0.6860/0.6575/0.6290/0.6005 seconds ဆိုပြီး နည်းသွားမှာဖြစ်ပါတယ်။ Cast Range 1000 ရှိပြီး Mana 100 ပဲ ကုန်တဲ့ Cold Snap ဟာ 20 seconds Cooldown ရှိပါတယ်။ (ကိုယ့်ဘက်က creep သာနေတဲ့အချိန်မှာ အသုံးပြုလို့ကောင်းတဲ့အပြင် ပွဲနောက်ပိုင်းရောက်တဲ့အထိ ရန်သူ့ Hero ကို 6 seconds လောက် စိတ်အနှောင့်အယှက်ပေးထားနိုင်တဲ့ Ability ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Q ဂိတ်ဆုံးနဲ့သာ Cold Snap ကို သုံးခဲ့မယ်ဆိုရင် အမြင့်ဆုံးအနေနဲ့ စုစုပေါင်း  210 Damage နဲ့ 4 seconds ထိ Stun ကို ဖြစ်စေမှာပါ)     Forge Spirit (EEQ): အနည်းဆုံး E ၄ ဆင့်နဲ့ Q ၄ ဆင့်ယူထားမှသာ သင့်အတွက် Forge Spirit ၂ ကောင်ထွက်လာမှာ ဖြစ်ပါတယ်။ အဆိုပါ Forge Spirit လေးတွေမှာ Melting Strike ဆိုတဲ့ Ability တစ်ခုပါ ပါတယ်။ အဲ့ဒါက ရန်သူ Hero တစ်ကောင်ဟာ သူတို့ရဲ့ Physical တစ်ချက်ပစ်ခံရတိုင်း 1 Armor လျော့သွားနိုင်ပါတယ်။ အများဆုံး 10 Armor အထိ လျော့နိုင်ပြီး Melting Strike ကိုသုံးဖို့ 40 mana ကုန်ကျပါလိမ့်မယ်။ (ဒါကြောင့် Forge Spirit မှာ Mana ရှိရခြင်းပဲ ဖြစ်ပါတယ်) သင်ယူထားတဲ့ Q အဆင့်တွေပေါ်မူတည်ပြီး Forge Spirit ရဲ့ Duration (20/30/40/50/60/70/80 seconds), Mana (100/150/ 200/250/300/350/400 Mana) နဲ့ Attack Range (300/365/430/495/560/ 625/690 Range) ဆိုပြီး အသီးသီး တိုးမြင့်သွားမှာပါ။ ဒါ့အပြင် သင်ယူထားတဲ့ E ဟာလည်း Forge Spirit ရဲ့ Damage (29/38/47/ 56/65/74/83 Damage), Hp 300/400/ 500/600/700/800/900 Hp) နဲ့ Armor (0/1/2/3/4/5/6 Armor) ဆိုပြီး တိုးမြင့်သွားမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်မှာ Q ၄ ဆင့်နဲ့ E ၆ ဆင့်ရှိတယ်ဆိုပါစို့။ သင့်အတွက် Forge Spirit ၂ ကောင်ရရှိမှာဖြစ်ပြီး အဆိုပါ Forge Spirit ဟာ 250 Mana, 495 Range, 74 Damage, 800 Hp နဲ့ 5 Armor ရှိမှာဖြစ်ပြီး 50 seconds အထိ ကြာအောင် ခေါ်ထားနိုင်မှာဖြစ်ပါတယ်။ Cooldown ကတော့ 30 seconds နဲ့ 75 Mana ကုန်မှာ ဖြစ်ပါတယ်။ (Push အပြင် Scout ပါလုပ်လို့ရတဲ့ Forge Spirit ဟာ အစောပိုင်းတစ်ဖက်အသင်းရဲ့ Midlane Hero ကို စိတ်အနှောင့်အယှက် ပေးလို့ကောင်းတဲ့ Mana နည်းတဲ့ Ability တစ်ခုဖြစ်ပါတယ်)     Ice Wall (QQE): လူသုံးနည်းတဲ့ Ability တစ်ခုဖြစ်တဲ့ Ice Wall ဟာ Cooldown 25 seconds နဲ့ 175 Mana သာကုန်ကျပါတယ်။ သင်ယူထားတဲ့ Q အဆင့်ပေါ်မူတည်ပြီး Wall ကြာချိန်နဲ့ Slow rate တိုးလာပါတယ်။ E များလေလေ Ice Wall ကြောင့်ဖြစ်လာမယ့် Damage Per Second ဟာ လိုက်ပြီးတိုးလာပါတယ်။ ဒါကြောင့် သင်ယူထားတဲ့ Q အဆင့်ပေါ်မူတည်ပြီး Wall ကြာချိန်က 3/4.5/6/7.5/9/10.5/12 seconds တိုးလာမှာဖြစ်ပြီး Movement Speed Slow ကလည်း 20%/40%/60%/80%/100%/120%/140% Slow ဆိုပြီး တက်လာမှာဖြစ်ပါတယ်။ ဒီ MS Slow ဟာသင့်ရဲ့ Base MS နဲ့ တွက်ချက်တာဖြစ်ပါတယ်။ ဥပမာ ရန်သူ့ Hero က Treant Protector ဆိုပါစို့။ Treant Protector ဟာ 300 Base Movement Speed ရှိတဲ့အတွက် နောက်ဆုံးအဆင့် Ice Wall ရဲ့ Slow ဟာ 300 ရဲ့ 140% (300x1.4)=420 MS Slow မှာဖြစ်ပါတယ်။ ဒီ Slow ဟာ Aoe 105 ရှိတဲ့ Ice Wall အပြင်ကိုရောက်ပြီး 1 second အကြာမှာ ရပ်သွားမှာဖြစ်ပါတယ်။ Dps ကတော့ 6/12/18/24/30/36/42 Damage ဆိုပြီး တိုးသွားမှာဖြစ်ပါတယ်။ (Team Fight နဲ့ Gank မှာ သုံးလို့ကောင်းတဲ့ Ice Wall ဟာ အသုံးပြုလိုက်တဲ့ Invoker ရဲ့မျက်နှာမူရာဘက် 210 Range အကွာမှာ ပေါ်လာမှာဖြစ်ပါတယ်)     Sun Strike (EEE): E တစ်မျိုးတည်းနဲ့ တွက်ချက်တာဖြစ်တဲ့အတွက်ကြောင့် Exort များများယူထားရင် 100/162.5/225/287.5/350/412.5/475 Damage ဆိုပြီး တိုးလာမှာဖြစ်ပါတယ်။ Sun Strike ရဲ့ Damage ဟာ Pure Damage Type ဖြစ်တဲ့အတွက် Magic Resistance ကို လျစ်လျူ ရှုပြီး ဖောက်ထွင်းထိမယ့် အားသာချက် ရှိပါတယ်။ ဒါပေမဲ့ အားနည်းချက်တစ်ခုကတော့ Sun Strike ရဲ့ Aoe အတွင်းမှာရှိတဲ့ Unit အကုန်လုံးကို မျှထိမယ့်အချက်ဖြစ်ပါတယ်။ ဥပမာ သင့်ရဲ့ Sun Strike  ၅ ဆင့်မှာ 350 Damage ထိမယ်ဆိုပေမယ့် အဆိုပါ Sun StrikeAoe အတွင်းမှာ စုစုပေါင်း Unit 3 ခုခန့်ရှိနေခဲ့မယ်ဆိုရင်  350/3=116.67 Damage ဆီ မျှပြီးထိသွားမှာဖြစ်ပါတယ်။ (Sun Strike ဟာ သုံးပြီးပြီးချင်း 1.7 seconds အကြာမှ ထပေါက်တာဖြစ်ပါတယ်။ ဥပမာအနေနဲ့ သင် Sun Strike ဖောက်မယ့်ရန်သူ့ Hero က Boots of Speed ဝယ်ထားပြီး ပျမ်းမျှ 340 MS ရှိတယ်ဆိုပါစို့။ တစ်ဖြောင့်တည်းသာ သွားမယ်ဆိုရင် SS ရဲ့ Delay က 1.7 seconds ကြာတဲ့အတွက် 340x1.7=578 Distance အကွာကို SS ဖောက်ပေးရပါမယ်။ ဒါဟာ Physical Range 600 ရှိတဲ့ Hero တစ်ကောင်နဲ့နှိုင်းယှဉ်ပြီး တွက်ချက်ကြည့်လို့ရပါတယ်။ တကယ်လို့ရန်သူ့ Movement Speed ဟာ Maximum 522 ဖြစ်နေမယ်ဆိုရင်တော့ 522 x 1.7 = 887.4 Distance လောက်ကို ခန့်မှန်းခြေအနေနဲ့ သုံးပေးရပါမယ်။ ဒါက သင်္ချာလိုအကြမ်းဖျင်းတွက်ချက်ထားတာဖြစ်တဲ့အတွက် ပါးနပ်ပြီးကွေ့ပတ်ရှောင်နေတဲ့ ရန်သူတစ်ကောင်ကိုတော့ ဒီလိုတွက်ချက်ပြီး Sun Strike ထိအောင် ဖောက်ဖို့မလွယ်ကူနိုင်ပါဘူး)     Flexible အရမ်းကျတဲ့ Hero တစ်ကောင်ဖြစ်တဲ့ Invoker ဟာ ပွဲအခြေအနေမူတည်ပြီး Force Staff, Cyclone, Hex, Skadi, Black King Bar, Dagger အစရှိ တဲ့ Item တွေအားလုံးနဲ့ လိုက်ဖက်သလို  Necronomicon စာအုပ်စပ်ပြီး Melee Warrior ကို Alacrity တင်၍ တိုက်ခိုက်တဲ့ပုံစံမျိုးတွေ တွေ့လာရပါတယ်။ ပွဲချိန်သာ ကြာမြင့်ခဲ့မယ်ဆိုရင်တော့ Invoke ရဲ့ Cooldown ကို 2 seconds အထိ ကျစေတဲ့အပြင် Mana Cost ကိုပါ zero ဖြစ်စေတဲ့ Aghanim's Scepter ကိုလည်း မဖြစ်မနေ ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် late game မှာ Tornado>Chaos Meteor>Deafening Blast>Chaos Meteor>Defening Blast ပုံစံနဲ့ တိုက်ခိုက်တဲ့ Refresher Orb ကိုလည်း ရွေးချယ်နိုင်ပါတယ်။     ဒီ Suggestion ကို ပြီးပြည့်စုံတဲ့ Suggestion လို့ မဆိုလိုပါဘူး။ မိမိပိုင်နိုင်တဲ့ ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါတယ်။
yahooyeeha

www.facebook.com/dotayahooyeeha

သင်ဒါကို သိပါသလား? ၂၀၁၂ ခုနှစ်မှစပြီး တရားဝင်ကျင်းပခဲ့သော Dota 2 Tournament အသီးသီးမှာ ချီးမြင့်ခဲ့တဲ့ စုစုပေါင်းဆုကြေးငွေဟာ အမေရိကန်ဒေါ်လာ $9,132,957.89 အထိရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီငွေကြေးပမာဏဟာ ၂ နှစ်တာအတွင်း ကျင်းပခဲ့တဲ့ပြိုင်ပွဲပေါင်း ၁၈၀ အတွက် ချီးမြှင့်ခဲ့တဲ့ ဆုကြေးများကို စုပေါင်းတွက်ချက်ထားခြင်းဖြစ်ပြီး ယခုနှစ် ကျင်းပမယ့် Dota 2 Championship The International 2014 (TI4) အတွက် ချီးမြှင့်ပေးမယ့် ဆုကြေးငွေပမာဏကတော့ $8,618,357.12 အထိ ရှိနေပြီဖြစ်ပါတယ်။ အထက်ပါဆုကြေးငွေဟာ TI4 ပြိုင်ပွဲတစ်ခုတည်းကနေ ချီးမြှင့်ပေးမယ့် ၂၇ ရက်အတွင်းမှာ ရရှိခဲ့တဲ့ ကမ္ဘာ့စံချိန်တင် ဆုကြေးငွေဖြစ်ပါတယ်။ ဒါဟာ Georgia နိုင်ငံ၊ Augusta မှာ နှစ်စဉ်ကျင်းပလျက်ရှိတဲ့ "The  Masters 2014 International Golf Tournament" မှာ ချီးမြှင့်ပေးမယ့် ငွေကြေးပမာဏထက် ကျော်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။

Internet Journal

No comments:

Post a Comment